Sunday, August 16, 2015

ကဗျာ

ပြည်ထောင်စု ကဗျာနိုင်ငံတော် . . .

ကဗျာပြဋ္ဌာန်းဥပဒေအရ
ကဗျာပါတီများ တမ်းတူညီမျှရှိပြီး
ကဗျာပါတီများအားလုံး
ကဗျာပြည်သူများအတွက် အသင့်ရှိနေ
ဘာဖြစ်ဖြစ် ရှေ့တက်
ခရီးကို ဆက်လက် ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာအခြေခံ ဥပဒေထဲ
ဘာသာတိုင်း အခွင့်အရေးတူညီ
ဘာသာရေးအစွန်းရောက်မှုမရှိ
ကဗျာဥပဒေဟာ တန်းတူညီမျှ
ကဗျာလူ့အခွင့်အရေးဖြင့်ခရီးလျှောက်
ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံထဲ
ကဗျာအစိုးရဟာ ကဗျာပြည်သူအတွက်ဖြစ်ပြီး
ကဗျာပြည်သူများ အစိုးရကိုကြိုက်သလိုရွေးချယ်
ပြည်သူ့ ကျန်းမာရေး
ပြည်သူ့ ပညာရေး
ပြည်သူ့ စီးပွားရေး
ပြည်သူ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
ရေးရာခပ်သိမ်း ကဗျာအစိုးရဟာ
အာမခံချက်တွေနဲ့ ခရီးဆက်
မလုပ်နိုင်လို့ နှုတ်ထွက်
ကဗျာတာဝန်ယူမှု ကဗျာတာဝန်ခံမှုတွေနဲ့
ကဗျာအစိုးရနှင့် ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံတော်ထဲ
နိုင်ငံခြားရင်းနှီးမြှုပ်နိုင်မှုအလိုက်
ကဗျာပြည်သူတွေ ဆုံးဖြတ်ချက်ရယူ
ကဗျာပညာရှင်များနဲ့ ပူးပေါင်း
လိုအပ်ချက်တွေ ဖြည့်တင်း
ခေတ်မီသော ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံတော်ထဲ
နီးစပ်ရာ နေရာမှု
ခရိုနီသမိုင်းကို ဖယ်ထုတ်
တကယ်အဟုတ် တော်သူတွေ နေရာယူ
ကဗျာစစ်တပ်ဟာ
ခေတ်မီစစ်အတတ်တွေနဲ့ ကာကွယ်ရေးတာဝန်ယူ
သူ့နေရာနဲ့ သူ
သူ့အတတ်ပညာနဲ့ သူ
လိုအပ်ချက်တွေ ဖြည့်သွင်း
ပြည်ထောင်စု ကဗျာနိုင်ငံတော် . . . ။

နေဝန်းသစ်(အင်းစိန်)

Saturday, May 2, 2015

ကဗျာ

မီနူးကဒ်
-------

အစဉ်လိုက်ရေးထားတဲ့
စားသောက်ပွဲအမည်တွေ
ဘာကို မှာစားစား စားသောက်ပွဲပဲဖြစ်စေခဲ့ ။

အမျိုးအစားကွဲပြား
ချက်ပြုတ်ပုံနည်းလွဲ
ဟင်းဟာ ဟင်းဖြစ်တယ်
အရည်ဟာ အရည်ဖြစ်တယ်

အပေါ့အငံ စားသုံး
ကိုယ်စိတ်ကြိုက်  ကြိုက်တာထည့်ယူ
ဒါဟာ မူမဟုတ် သီဝရီမဟုတ်
အတိုင်းအထွာ စစ်စစ်တော့မဟုတ်
ကိုယ်ကြိုက်ရာ အသွင်ယူစေပြီးမှ
လျှာပေါ်တက် အာရုဏ်မှာ
ကောင်း၏ ဆိုး၏ ခွဲခြား
ပြယုဒ်ဟာ လမ်းညွှန်မှုမှားနေတယ် ။

ဘာကိုစားစား ပါစပ်
ဘာကိုသောက်သောက် နှုတ်ခမ်း
မီနူးကဒ်ထဲက အဟာရဓါတ်အကုန်မှာ
ပါစပ်မပါရင် စားရရိုးလား . . .
ကဗျာဟာ ကဗျာဖြစ်ပြီး
စာသောက်ခြင်း အကောင်းအဆိုးဟာ
လျှာပေါ်တင်တဲ့ အရသာလိင်ဆက်ဆံရေးပဲ ။

ကဗျာဟာ အရောင် အဆင်း အနံ့ အရသာ အတွေ့အထိ
ကင်းလွတ်သော နယ်မြေရဲ့ ဝိညာဉ်
ကဗျာဟာ နှုတ်ခမ်း ပါစပ်ဖြစ်တယ်
ကဗျာဟာ လျာမဟုတ်ဘူး
အချစ်ဆိုတာကို ပထမဆု ဒုတိယဆု ပေးလို့ရမလား
မဲခွဲဆုံးဖြတ်လို့ ရနိုင်ရိုးလား
ကဗျာဟာ အချစ်ဖြစ်တယ်
ကဗျာဟာ ကဗျာဖြစ်ပြီး
ကဗျာဟာ စာလုံးများရဲ့ စုစည်းမှုလမ်းဖြစ်စေခဲ့ ။

နေဝန်းသစ် ( အင်းစိန် )

Thursday, April 30, 2015

ကဗျာ

အသေထဲ ရှာဖွေခြင်း
******************

"01"

ဖြော့ဆင်းလာတဲ့ အလင်းရောင်က
အမှောင်ထုကို ဖြေးဖြေးလျော့ချ
နေ့သစ်ဆိုတာကို အတည်ပြု
မျက်နှာပေါ်က အညစ်တွေ ရေဆေး
ခပ်တည်တည်နဲ့ နှုတ်ဆက်လိုက်တယ်
မင်္ဂလာပါနံနက်ခင်း . . . ။

"02"

ဦးခေါင်းထက်ကနေ အလင်းဓါတ်အားကြီးကြီးနဲ့
နေ့ခင်းရဲ့ ဝိညာဉ်ဖြစ်ကြောင်း
နေမင်းဟာ ထောက်ခံချက်ပေးပါ ။
လှုပ်ရှားလူးခတ် ပုံရိပ်များစွာအား
ရေခဲရည် တိုက်ချင်သေးသည်
ချွေးများပြုတ်ကျနေသော မျက်ဝန်းတစ်ခုကို
ခပ်ပါးပါးအမွှေးထည့်ထားတဲ့ စာရွက်ပါးပါးဖြူဖြူတစ်ထုပ်နဲ့
တို့ထိ ပွတ်သပ် သုတ်ပေးပြီနောက်
နှလုံးသားပန်းလေး ပြုံးသွားတယ် ။
ပြုံးပါစေ ဆက်ပြီပြုံးနိုင်ပါစေ
အလှဟာ အလှနဲ့ထမ်းမှ အလှဟာ အဖိုးတန်
အဖိုးထိုက်တဲ့ ဖြစ်တည်မှုဟာ တန်သွားတဲ့ အလှကို . . .
မြင်ခွင့် တွေ့ခွင့် ပြုံးခွင့်နဲ့   အလှဟာ အလှဖြစ်သွားရဲ့ ။

"03"

မိန်းမလှလေးရဲ့ ဆံစတွေဖားလျားချသလို
အမှောင်တွေဟာ တစ်ဆတစ်ဆပြုစား
ညခင်းရဲ့ဆည်းဆာကိုဖန်တီးရက်ချုပ်
ညနေခင်းအလှကို ပန်းချီဆွဲ
အမယ်အိုဟာ မိန်းမပျိုလိုလှတယ်ဆိုရဲ
အဖိုးအိုဟာ သူ့ခေတ် သူ့အခါကလို ခေတ်ဆန်ဆန်နေတယ်ဆိုရဲ့
ကြေးစည်သံ ဒေါင်ကနဲကြားပြီးမှ
သစ်ရွက်လှုပ်နေတဲ့ ဘဝလို
စိမ်း ၊ ဝါ ၊ နွမ်းခြောက် ၊ မြေခ ၊ မြေဆက်ခနေရဲ့ ။

"04"

ငါရဲ့ရင်ထဲကို အလင်းတို့ဖြတ်စီးပါ
အမှောင်များလဲ ဝင်ရောက်ပါ
အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် ပါဝင်လာပါစေ
ငါဟာ ငါမဟုတ်တော့ဘဲ
အလုံးစုံ လွတ်မြောက်သွားခြင်းမျိုးလဲမဟုတ်
ခန္ဓာတစ်ခုလုံးကို စိုက်ကြည့်လိုက်တာမျိုး
အရည် ၊ အသား ၊ အဆီ ၊ အရိုး  ၊ အကြေား ၊
အပုတ်အပွနဲ့ ဖုံးအုပ်ထားတဲ့ ငါရုပ်
မာနက ဘာကိုအသုံးပြုမှာလဲ
အတ္တက ဘာကိုရေးခြစ်နိုင်မှာလဲ
ကြီးဆိုးခြင်းဆိုင်ရာတွေ လွတ်ချလိုက်စဉ်မှာ
လူဟာ . . . လူဖြစ်ကြောင်း
တစ်ရက်တာ သတိနဲ့ အသိမြဲ နေဆို့ရဲ့ ။

"05"

ငိုသူတွေကို မြင်တွေ့ရတယ်
ငါရဲ့ရုပ်အလောင်းကောင်ကြီးဘေးမှာ
ပန်းတွေ ကျဲဖြန့်ထားတယ်
မီးထွန်း ၊ အမွှေးတိုင်ထွန်း ၊ ဇာဇကာဖုံးအုပ်
ယင်ကောင်တစ်ကောင်က ဘေးနားမှာရှိ
အုန်းသီးခွဲမယ် ၊ မျက်နှာပေါ်အုန်ရည်ဖြန်း
နောက်ကိုပစ်ပေါက်လိုက်တာ
ပုရွက်ဆိတ်တစ်ကောင်ပေါ်တည့်တည့် . . .
လွမ်းသူပန်းခွေ နှစ်ခုချထားတယ်
ပါတီတစ်ခုရဲ့ တိုင်းလူငယ် CEO ဖြစ်ကြောင်း
ကဗျာအဖွဲ့တစ်ခုရဲ့  အဖွဲ့ဝင်ဖြစ်ကြောင်း အဲဒီပန်းခွေမှာရေးလို့
ငါရဲ့ ရုပ်အလောင်းကောင်ကတော့ ပုတ်လျှက်
အမေ ငိုနေတယ် ၊ အဖေငိုနေတယ် ၊ ဇနီးငိုနေတယ် ၊ သားသမီးတွေ ငိုနေတယ်
မိတ်ဆွေတွေ ငိုနေတယ်
ပြီး . . . ပြီးတဲ့နောက် . . .
ခြေလှမ်းတွေ့ရွေ့လျား သင်္ဂြိုလ်စက်ထဲထည့်
ပန်းတစ်ပွင့်ယူပြီး ပြန်သွားကြတယ် . . .

"06"

စကားတွေ ကြားနေရတယ်
သနားပါတယ် ၊ ဘယ်လိုဆုံးသွားတယ်
မသနားပါဘူး ၊ သေတာတောင်နဲသေးတယ်
လူတော်တစ်ယောက်ပါ ၊ သူဘာတွေလုပ်ဆောင်ခဲ့တာကြည့်ပါလား
အလကားလူပါကွာ ၊ ငါတို့ငွေကိုလိမ်သွားတာ
နောက်ဆုံး . . .
စကားဟာ စကားဖြစ်ပြီး
တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ၊ ပြောခဲ့ကြ
လေးရက် ၊ ငါးရက် ၊ ခြောက်ရက် ၊ နည်းသွားကြ
ခုနှစ်ရက်နေ့မှ အလှအပတွေပြင်လို့
အပြုံးမပျက် ကူငွေထည့်လို့
ကျွေးတာစား ပြန်၍သွား လှမ်း၍သွား ပြီး၍သွား  ။

"07"

တစ်လပြည့် သတိမရဘူး
ဖိတ်မှ . . . ခေါ်မှ အော်ဟုတ်သား
ကျွေးတာစား ထသွား . . . ပြီးပြီ

"08"

မိသားစု မေ့ပြီ
ငါမရှိလဲ ပျော်နေပြီ
ငိုပေးမယ့်သူ လုံးဝမရှိတော့
သတိရကြောင်း ကဗျာမရေးကြတော့
စာတွေထဲ ဘယ်သူမှအဖက်မလုပ်တော့
ဘာဘွဲ့ ညာဘွဲ့
ဘာဂုဏ်ထူး ဘာဥစ္စာ . . .
မည်သူမျှ သတိမပြု . . . မည်သူမျှ အဖက်မလုပ် . . .
ငါ . . . ငါ . . . ငါ . . . ရယ်စရာတွေ
ဒဏ္ဌာန်ရီသဖွယ် အဆုံးသတ်
ဘယ်သူမှ ဘယ်လူမှ အဖက်မလုပ်တော့
ငါ . . . ငါ . . . ငါ . . . အတ္တတွေ
ပိန်းရွက်ပေါ်ရေမတင်သလို နိဂုံးချုပ်
ဘယ်သူမှ ဘယ်လူမှ စကားအဖြစ်တောင်မပြောတော့ ။

"09"

ငါဟာ သေဆုံးပြီးသော သူမှ
ငါဟာ ရှင်သန်ခွင့်တစ်ကြိမ်ရသော ဒီကဗျာထဲမှာ
ငါရဲ့ အနာဂတ်ကို မြင်နေရတယ်
သူဟာ ငါဖြစ်ပြီ
ငါဟာ သူဖြစ်သွားတယ်
ငါဟာ ငါမဟုတ်ကြောင်းကို ကြေငြာ
ငါဟာ ငါမဟုတ်တော့ဘူးဆိုတာကို သိ၍
ငါဆိုတဲ့ အဓိပ္ပါယ်ကို အနက်ဖွင့်
ဘဝ စာလုံးပေါင်းသတ်ပုံ မှန်ဖို့
ငါဟာ ငါမဟုတ်ကြောင်းကို
   ငါဟာ ငါမဟုတ်တော့ဘူးဆိုတာကို . . .
                အတ္တကြီးသော . . . . . . .
                                  လူ
                      တွေ
         ကြား
                   ထဲ
                            မြင်
                                        ခဲ့
                                                ရဲ့ . . .  ။

"10"

လူဟာ  လူပီသပြီးတဲ့နောက်
    လူဟာ  လူဖြစ်သွားပြီး . . .
        အတ္တဖက်လူတွေကြားထဲ ပြေးထွက်
            " THE END " သေခြာရေးပြီးမှ . . .
ထွက်ခွာ . . .
       သူတို့ . . .             
             သတိ
                 ရ၍ ရပြီ နေလိမ့်မယ်ဆိုရဲ့  ။

                                 နေဝန်းသစ် ( အင်းစိန်)

ကဗျာ

အတွေးထဲ . . .
   လမ်းလျှောက်ခြင်း အပိုင်းအစများ
--------------------------------

၀၁
နေ့နဲ့ည အလှည့်အပြောင်းတွေနဲ့
မျဉ်းဖြောင့်မဆွဲနိုင်တဲ့ ဘဝဟာ
ညနေခင်းထဲ ကျကွဲသွားတယ် ။

၀၂
အသက်ရှုခြင်း လူနေမှုစရိုက်က
မျှော်လင့်ချက်မဲ့နေတဲ့လရောင်လို
ဘဝတွေဟာ မျက်နှာမွဲ . . . ။

၀၃
လခစားဝန်ထမ်းရဲ့ အိပ်မက်ဟာ
ဘာကိုမက်ခွင့်ရှိနေလို့လဲ . . .
ကုန်ဈေးနှုန်းရဲ့အာဏာကြီးဆိုးမှုက
လစာငွေကို သေမိန့်ချနေမှတော့
လမကုန်ခင် ငွေမကုန်ဖို့ . . .
ထွက်ကိန်းချ သီအိုရီဟာ မဲ့တဲ့တဲ့ ။

၀၄
ဈေးဗန်းခေါင်းပေါ်တင်ဖို့ စဉ်းစား
အောက်ခြေတံဆိပ်က . . .
အထက်ကို မရောင်နိုင်တော့မှတော့
ဟေားဒီကပဲပြုတ် အော်နေယုံပေါ့ ။

၀၅
ပညာရဲ့ရောင်းကုန်က
ငါ့ပြည်မှာ . . .
ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေသလို
မွန်းမံမရှိတဲ့ ပညာရေးစနစ်မှာ
စာမေးပွဲချနေတော့ ဘာထူးမှာလဲမေး အဖြေဟာ အမေးနဲ့အဆုံးသတ်သွားတယ် ။

၀၆
လိုအပ်ချက်တွေနဲ့ ပြည်ထောင်စုထဲ
ပညာရေး ၊ ကျန်းမာရေး ဝန်ဆောင်မှု
အဖိုးနဲ့ဈေးကွဲသလိုပေးအပ် . . .
အမှန်အစစ်နဲ့ ပညာတတ်တွေပေါင်းကူး
ကျန်းမာလန်းရွှင် ခေတ်တစ်ခေတ်တည်ထောင်
ငါ့ပြည်ဟာ ငါ့ပြည် ပီသစွာနေရာရမယ် ။

၀၇
ဥပဒေဟာ လူကိုကိုယ်စားမပြု
မူကိုသာ ကိုယ်စားပြုရင်
သူနဲ့ငါဟာ စည်းကမ်းထဲခေါင်းငုတ်
ဒီမိုကရေစီဆိုတာကို ဟန်ပါပါ
အလေးပြု ဦးညွှတ်နိုင်သော နေရက်ဖြစ်နိုင်ပါလျှက်နဲ့
ခုတော့ ချကိုက်နေဆဲရှိနေခဲ့ . . . ။

၀၈
ပြည်ပမှာ ငါတို့နှလုံးသားတွေ
အနာဖြစ်နေပြီ . . .
လုပ်ခလစာဆေးကိုလိုချင်တယ် ။

၀၉
ပြည်တွင်းစစ်တွေ ပွကျဲနေပြီ
ပါတီတွေ တစ်ခုပြီး တစ်ခုပေါ်ထွက်
နိုင်ငံတော်မျက်နှာညှိုးနေရခြင်းက
ပညာရေး လိုအပ်ချက် . . . ။

၁၀
ပြည်သူတွေ သေးသေးကွေးကွေး
ကလေးတွေ သေးသေးကွေးကွေး
အနာဂတ်တွေ သေးသေးကွေးကွေး
နိုင်ငံတော်ဟာ သေးသေးကွေးကွေး
ကျန်းမာရေး လိုအပ်ချက်မပြည့်သေး . . . ။

၁၁
အလုပ်သမားစွမ်းရည်
အိမ်တွင်းစက်မှုစွမ်းရည်
နည်းပညာစွမ်းရည် . . .
ဖန်တီးနိုင်မှု ဘာလဲ ဘယ်လဲ . . .  ။

၁၂
လမ်း ၊ တံတာ အသစ်အသစ်တွေနဲ့
ကား အသေး ၊ အလတ် ၊ အကြီး အစုံ
လူကူးမျဉ်ကြားမရပ် ၊ စည်းကမ်းဖောက်
ဥပဒေခြောက်နေသမျှ . . .
အိမ်ပြန်ချိန် ချွေးပျံနေရမှာပေါ့ . . . ။

၁၃
ကုန်ထမ်း ၊ ဈေးရောင်း ၊ မြေတူး
ကျပန်းစကားတွေနဲ့ ဒီမိုမီးလင်းမျှော်
ဘဝတွေက နစ်ပြီးရင်း နစ် နစ် နစ်
အဆင့်မြင့်အလုပ်ကို ငါ့လူမျိုးတွေ
ဘယ်လောက် ဘယ်၍ ဘယ်မျှရှိပါ့
အဲဒါတွေပြင်စဉ် အိမ်အိုတာကြာနေပြီ ။

၁၄
တစ်နှစ်ပြီး တစ်နှစ်ကူး
ဘဝအနွမ်းတွေ အနာဂတ်အခြောက်တွေ
ဘာတွေထပ်ပေါင်း မေးမေးကြည့်ခဲ့
အဓမ္မ ၊ သူခိုး ၊ ယာဉ်တိုက် ဒါတွေ ဒါတွေပဲရှိခဲ့
ငါ့လွှတ်တော် ဘာတွေဆွေးနွေး နွေးထွေး ပေးနေ လစာငွေတော့
ကုန်ဈေးနှုန်းနဲ့ ပေးစားထားရဲ့ ခုထိ ။

၁၅
ရွေးကောက်မယ်ဆိုလား
မင်းမြောက်မယ်ဆိုလား
အသစ် အသစ်ဆိုမလား
ကျောင်းသားတွေ ထောင်ထဲမှာ
နိုင်ငံရေးသမားတွေ ထောင်ထဲမှာ
လူမှန်တွေ ထောင်ထဲမှာ
စားဖားတွေ ကောင်းစာနေတာ
ခရိုနီတွေ လုပ်စားနေကြတာ
အားလုံးရပ်တန့်  . . .
ငါ့ကိုယ်တရားစွဲဆိုတဲ့ အာမခံနဲ့ လာခဲ့ပါ . . .
ပညာရေး ၊ ကျန်းမာရေးကို ဖြည့်စွက်မယ်လို့ အာမခံနဲ့ လာခဲ့ပါ . . .
လူကြီးဟာ လူကောင်းဖြစ်ပြီး
နိုင်ငံဟာ နိုင်ငံပီသသွားမယ်ဆိုရဲ့ . . . ။

နေဝန်းသစ်(အင်းစိန်)

Sunday, April 26, 2015

ကဗျာ

ဇက်သော့ . . .
***************

ပစ္စုပ္ပန်တည့်တည့်မှာ

ငါ့နှလုံးသားကို ဗဟိုပြု၍

ဇက်သော့ခတ်ထားတယ် ။

နေဝန်းသစ်(အင်းစိန်)

Saturday, April 25, 2015

ကဗျာ

ထင်ရ၏ . . .
     ထင်ရ၏ . . .
==============

သစ်ရွက်တို့ လှုပ်ခတ်ခြင်းက
လေတိုက်သည်ဟု ထင်ရ၏ ။

ကောင်းကင်မှရေစက်တို့ ပြုတ်ကျလာသည်ကို
မိုးရွာသည်ဟု ထင်ရ၏ ။

ပတ်ဝန်းကျင်မှ အော်နေခြင်းသည်
ကြားရသည်ဟု ထင်ရ၏ ။

ထင်ရ၏ . . .
လူကလမ်းကိုမဖောက်ဘဲ
လမ်းက လူကိုဖောက်သွားတယ်  ။
လူကသတ်မှတ်ချက်မလုပ်ဘဲ
သတ်မှတ်ချက်က လူဖြစ်သွားတယ် ။
အမည်တစ်ခုဟာ အသက်ရှင်လျှက်သေပြီး
သေဆုံးခြင်းက ရှင်သန်မှုဖြစ်သွားတယ်။
ကဗျာဟာလျှောက်လမ်းပြ မြေပုံဖြစ်ပြီး
မြေပုံတွေဟာ ကဗျာဖြစ်သွားတယ်  ။ 

နေဝန်းသစ် ( အင်းစိန် )

Friday, April 24, 2015

ကဗျာ

အသစ်များဖြင့် ဖန်တီးရက်လုပ်အပ်သော
***************************************

၂၁ရာစုဟာ ဆက်သွယ်ချက်အသစ်တွေနဲ့
ဂေဟစနစ်တွေ ရွေ့လျားနေသလို မတည်မငြိမ်ဖြစ်တည်မှုတွေက
မျိုးဗီဇ အဆင့်ဆင့်ရင်ခုန်သံကို မွေးမြူစေခဲ့ . . .

pot poetry တစ်ပုဒ်ရဲ့ အဟာရပါဝင်မှုမှာ
အနုပညာရဲ့ စီးကြောင်းပဲထည့်သွင်းသတ်မှတ်နေပြီး
အသစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ခြေကုတ်ယူစဲ
၂၁ရာစုဟာ အသစ်များဖြင့် ဖန်တီးရက်လုပ်အပ်သော
မနက်ဖြန်များစွာရဲ့ လမ်းပြတစ်ဖြစ်ရှိနေခဲ့ပေါ့ . . .

ချစ်တယ် စကားလုံးရဲ့နောက်ပိုင်းအစိတ်အပိုင်းမှာ
ဟိုးအရင်က ဇာတ်ကွက်တွေထည့်မလာတော့ဘူး
အိမ်ထောင်ရှင် အပျို အအို လူလွတ် သတ်မှတ်ချက်တွေကို
ကပ်ခွာယဉ်ကျေးမှုအဖြစ် အသုံးပြုလာသော ၂၁ရာစုရဲ့
အသစ်ဗေဒ ရက်လုပ်ခဲ့သော ခြုံလွှာကြီး
ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ ဝတ်ဆင်စေခဲ့ပေါ့ . . .

အသစ်တွေ ပြောင်းလွဲမှုတွေနဲ့ အသင်လောက
သတ်မှတ်ချက်တွေကို တိုက်စား ရွေ့လျားစေပြီလား
ကျွန်ပ်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ . . .
၂၁ရွာထဲ ဘောင်အဖြစ်ရှိနေပြီလား . . .
လွှတ်မပစ်ရက်ဘူး သမိုင်းတန်ဖိုး ကြီးနေတာမျိုးမဟုတ်လား
ဒါပေမယ့် ၂၁ရွာထဲ အသစ်ဖြင့်ရက်လုပ်အပ်သော
နေ့ရက်များမှာ . . . အသုံးအဆောင်တွေ . . .
လူပုဂ္ဂိုလ်တွေ . . . ကျားမတွေ . . .
စီးဝင်နေတဲ့အရှိန်ကို ရပ်တန့်ဖို့ အမိန့်မပေးနိုင်မှတော့
အသစ်များဖြင့် ဖန်တီးရက်လုပ်အပ်သော ညနေကို
အလှအပအသစ်ဖြစ် လက်ခံပေရန်သာ . . . လိုအပ်စေခဲ့ပေါ့ ။

နေဝန်းသစ် ( အင်းစိန် )